ခရမ်းလွန်ရောင်ခြည်ဆိုတာ သဘာဝနေရောင်ခြည်မှာ ပါဝင်ပြီးသာမန်မျက်စိနဲ့မမြင်နိုင်တဲ့ လှိုင်းတိုရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည်တွေကိုစုပ်ယူထားပြီး လူတွေကို အန္တရာယ်မဖြစ်အောင် လုပ်ထားလေ့ရှိပေမယ့် အိုဇုန်းလွှာပျက်စီးမှုတွေများပြားလာတာနဲ့အမျှ ကမ္ဘာမြေပြင်ပေါ်ကို တိုက်ရိုက်ကျရောက်လာတော့ပါတယ်။
ခရမ်းလွန်ရောင်ခြည် လို့ ခေါ်တဲ့ UV ဟာ အရေပြားကို ပြင်းထန်စွာထိခိုက်စေနိုင်ပြီး ကျန်းမာရေးဆိုင်ရာ အန္တရာယ်များစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ခရမ်းလွန်ရောင်ခြည်အမျိုးအစားတွေကို အကြမ်းဖျဉ်းအားဖြင့် အရေပြားအတွင်းလွှာထိ ထိုးဖောက်နိုင်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု၊အရေးအကြောင်း၊တင်းတိပ်နဲ့ အရေပြားကင်ဆာတွေကို ဖြစ်စေတဲ့ UVA၊အရေပြားပြင်ပလွှာကို ပျက်စီးစေပြီး နေလောင်ဒဏ်၊ဆဲလ်ပျက်စီးမှုနဲ့ ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေတဲ့ UVB၊ဖုန်း၊မီးချောင်း၊တီဗီနဲ့ လက်တော့ တွေ က ထိတွေ့စေနိုင်ပြီး DNA ကို ပျက်စီးစေနိုင်တဲ့ UVC ဆိုပြီး ၃ မျိုး ခွဲခြားထားပါတယ်။
နေရောင်ခြည်ခံတာကောင်းတယ်ဆိုတဲ့အယူအဆတွေရှိပေမယ့် မနက် ၈ နာရီကျော်ရင်တော့ ခရမ်းလွန်ရောင်ခြည်တွေများပြားလာတဲ့အတွက် တိုက်ရိုက်နေရောင်မခံသင့်တော့ပါဘူး။။ခရမ်းလွန်ရောင်ခြည်ကြောင့် အရွယ်မတိုင်မီ အိုမင်းရုံသာမက Elastin နဲ့ Collagen ဓာတ်တွေပျက်စီးပြီး အရေပြားတွဲကျခြင်း၊အရေးအကြောင်းဖြစ်ခြင်း၊နေလောင်ခြင်းနဲ့ အရေပြားကင်ဆာတွေအထိပါ ဖြစ်စေနိုင်လို့ အထူးသတိထားသင့်တဲ့ ကိစ္စတရပ်ပဲဖြစ်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းအားကိုပါကျဆင်းစေပြီး မျက်လုံးအတွင်းတိမ်နဲ့မျက်သားတက်ခြင်းတွေကိုပါ ထိခိုက်လာတာကို တဖြည်းဖြည်းလေ့လာတွေ့ရှိလာရပြန်ပါတယ်။
ဒီလောက်ထိ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ ကျွန်မတို့ဟာ နေပူထဲသွားတဲ့အခါ ဦးထုပ်၊ထီးတွေကို မဖြစ်မနေဆောင်းရပါမယ်။SPF 30 နဲ့အထက်ပါရှိပြီး UVA/UVB ကာကွယ်နိုင်တဲ့ နေရောင်ကာခရင်မ်ကို အပြင်မထွက်မီ ၁၅-၃၀ မိနစ်ကြိုလိမ်းပါ။ဖြစ်နိုင်ရင်တော့ ၂ နာရီခြားတစ်ကြိမ် ပြန်လိမ်းတာ အကောင်းဆုံးပါပဲ။နေ့လယ် ၁၀:၀၀ မှ ညနေ ၄:၀၀ အတွင်း နေရောင်ပြင်းတဲ့အချိန်မှာ နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ပါ။အင်္ကျီလက်ရှည်၊ဘောင်းဘီအရှည်အပွများဝတ်ဆင်ပါ။ခရမ်းလွန်ရောင်ခြည်ကိုကြာကြာထိတွေ့မိရင် အရေပြားနဲ့ မျက်လုံးဆိုင်ရာ ပြင်းထန်တဲ့ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် သေချာ ဂရုတစိုက်ကာကွယ်နိုင်ဖို့လိုအပ်လှပါတယ်။