Aircon အခန်းထဲ အနေများသူတို့နှင့် အရေပြားပြဿနာများ

နွေရာသီနေပူတဲ့အချိန် ပူပြင်းတဲ့ဒဏ်ကြောင့် အလုပ်လုပ်ရတာပဲဖြစ်ဖြစ်၊အိမ်မှာနေရတာပဲဖြစ်ဲဖြစ်၊စာသင်ရတာပဲဖြစ်ဖြစ် စိတ်ပါလက်ပါမရှိကြတော့ပါဘူး။ဒီအချိန်မှာ အဲကွန်းအေးအေးလေးသာဖွင့်ထားလိုက်ရင် အာရုံစူးစိုက်ရလွယ်ကူပြီး ညဖက်အိပ်တဲ့အခါလည်း စိတ်ဖြောင့်လက်ဖြောင့်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီပေါ့။ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ အဲကွန်းထဲ အနေကြာလာရင် အရေပြားမှာ ပုံမှန်မဟုတ်တာတွေ ခံစားလာရပါတယ်။

ပထမဆုံးအနေနဲ့ကတော့ အသားခြောက်တာပါ။အဲကွန်းလေက အရေပြားရဲ့ အစိုဓာတ်ကို နည်းသွားစေသလို ရေဓါတ်ကိုလည်း ခမ်းခြောက်သွားစေတယ်။ ပြီးတော့ လူက အဲဒီ့အဲကွန်းလေနဲ့ အမြဲထိတွေ့နေရတဲ့အခါ အပြင်ထွက်ပြီး နေနဲ့လေဒဏ် နည်းနည်းထိလိုက်တာနဲ့ အသားယားတာ နီတာမျိုးတွေ ဖြစ်လာတာများပါတယ်။ဒါ့အပြင် အစိုဓာတ်နည်းပြီး အရေပြားအဆီလျော့နည်းလာတာမို့ အရေပြားကမစိုပြေဘဲ မွဲခြောက်ခြောက်ဖြစ်နေတတ်ပါတယ်။ကြာလာရင် ပက်ကြားအက်သလိုမျိုးအထိပါ အသားမညီတာတွေ ဖြစ်လာနိုင်ချေရှိပါတယ်။

ဒုတိယတချက်အနေနဲ့ ကိုယ်အသုံးပြုတဲ့ အဲကွန်းကို သေချာသန့်ရှင်းရေးလုပ် ဆေးကြောထားဖို့လိုပါတယ်။မသန့်ရှင်းတဲ့အဲကွန်းကနေ မသန့်စင်တဲ့လေတွေ ထွက်လာပြီး ကြာကြာနေမိတဲ့အခါ ဖုန်၊ မှို၊ ဘက်တီးရီးယားတွေကြောင့် အရေပြားယားယံမှုကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့ ဝက်ခြံ၊နှင်းခူနဲ့ အရေပြားယားနာရှိတတ်သူတွေဟာ အဲကွန်းကြာရှည်ခံပါများပြီး ရောဂါပိုဆိုးလာတာကို လေ့လာတွေ့ရှိရပြန်ပါတယ်။ဒီလိုတွေ ပြောလို့လည်း အဲကွန်းကို အမြဲပိတ်ထားဖို့ မလိုအပ်ပါဘူး။

အဲကွန်းကအေးနေတဲ့အတွက် ရေသောက်ဖို့ကိုမေ့ပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တာပိုဆိုးတတ်လို့ရေများများသောက်ပေးပါ။အစိုဓာတ်ထိန်းခရင်မ်တွေကိုလည်း သတိရတိုင်း ၂ နာရီခြားတခါလောက်လိမ်းပေးဖို့လိုအပ်ပါတယ်။အရေးအကြီးဆုံးကတော့ အဲကွန်းထဲ အမြဲထိုင်မနေဘဲ သဘာဝလေကို ၃/၄ နာရီခြားတခါလောက်ရှူရှိုက်ပေးတာမျိုးလည်းလုပ်သင့်ပါတယ်။အရေးအကြီးဆုံးကတော့ အဲကွန်းကို ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့။သန့်ရှင်းတဲ့လေထုကမှ ကျန်းမာတဲ့အရေပြားနဲ့ခန္ဓာကိုယ်ကိုပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ခုဖော်ပြထားတဲ့နည်းလမ်းအတိုင်းလိုက်နာမယ်ဆိုရင် အဲကွန်းဘယ်လောက်အေးအေး အရေပြားပြဿနာတွေဖြစ်လာမှာကို စိုးရိမ်စရာမလိုတော့ဘူးနော်။


ကူးစက်မြန်တဲ့ခြေထောက်မှိုစွဲပွေးရောဂါ