“ကျန်းမာခြင်းသည် လာဘ်ကြီးတပါး” ဟု ယူဆကြတဲ့အတိုင်း ယနေ့ခေတ်မှာ ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုအလေးပေးဂရုတစိုက်နေထိုင်ဖို့ ကြိုးစားလာကြပါတယ်။ဒါကြောင့်မို့လို့ ရောဂါဖြစ်စေမယ့် အမူအကျင့်တွေကို ရှောင်ရှားရင်း အဆီတွေ၊အငန်တွေကိုပါ လျှော့ချပြီးစားသောက်လာကြပါတယ်။
ဒါဆိုရင် အချိုတွေ ရှောင်လိုက်တာနဲ့ ဆီးချိုမဖြစ်တော့ဘူးလား။အချိူတွေစားတိုင်းရော ဆီးချိုဖြစ်မှာလားပေါ့။ဆီးချိုရောဂါကိုလေ့လာကြည့်ရင် အမျိုးအစား(၁)ဆီးချိုနဲ့ အမျိုးအစား(၂)ဆီးချိုဆိုပြီး နှစ်မျိုးရှိတဲ့အနက် အမျိုးအစား(၁)ဆီးချို ဖြစ်ရခြင်း က သေချာမရှင်းလင်းပါဘူး။အဓိကအားဖြင့် ပန်ကရိယဆဲလ်များပျက်စီးခြင်းကြောင့်ဖြစ်တယ်လို့တွေ့ရှိရပါတယ်။အမျိုးအစား(၂) ဆီးချိုကတော့ မျိုးရိုးဗီဇ၊နေထိုင်မှုပုံစံ၊စိတ်ဖိစီးမှုများခြင်း၊ဟော်မုန်း၊သောက်ဆေးတွေနဲ့ အဝလွန်မှုကြောင့်ဖြစ်လေ့ရှိပါတယ်။
ဒါကြောင့်မို့ လေ့လာတွေ့ရှိချက်များအရအချိုစားသုံးခြင်းနဲ့ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကြား ဆက်နွယ်မှုရှိပါတယ်။အထူးသဖြင့် အချိုဓာတ်များတဲ့ အစားအစာတွေ၊အအေးတွေကို မကြာခဏစားသုံးတတ်တဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်များလာပြီး အင်ဆူလင်ကို ထိခိုက်စေနိုင်ပါတယ်။အဲဒီအခါမှာ သကြားဓာတ်ကို ပုံမှန်အခြေအနေရောက်တဲ့အထိ ထိန်းညှိနိုင်ဖို့ အင်ဆူလင်ကို လုံလောက်အောင် မထုတ်ပေးနိုင်တဲ့အခါ ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်တက်လာရပါတော့တယိ။
ဒါပေမယ့် ဆီးချိုရောဂါဖြစ်ရခြင်း က အချိုစားသုံးခြင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ အခြားအကြောင်းရင်းများလည်း ပါဝင်နိုင်ပါတယ်။ဒါကြောင့်မို့ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အချိုဓာတ်လျှော့စားပါ။ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားပါ။ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။အချိုစားသုံးခြင်း ကဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပေမယ့်လည်း ကျန်းမာရေးနှင့်ညီညွတ်တဲ့ နေထိုင်မှုပုံစံဖြင့် ကျွန်မတို့တွေ ကြိုတင် ကာကွယ်လို့ရပါတယ်။