သွေးဆုံးကိုင်တာရှောင်ရှားလို့ရပါသလား

သွေးဆုံးကိုင်တာကို ရှောင်ရှားလို့ရပါသလား?


အမျိုးသမီးတွေ အသက် ၅၀ ကျော်လာတဲ့အခါမှာ သွေးဆုံးခြင်းဆိုတဲ့ ဖြစ်စဉ်ကို စတင်ခံစားလာရပါတော့တယ်။အသက် ၉-၁၂ နှစ် အပျိုဖော်စဝင်တဲ့အချိန်ကစပြီး တလတခါကျွန်မတို့နဲ့ တူတူဖြတ်သန်းပေးနေတဲ့ ရာသီလာခြင်းဖြစ်စဉ်ဟာ အသက် ၅၀ ကျော်တာနဲ့ မျိုးရိုးဗီဇပေါ်မူတည်ပြီး ရာသီသွေးလာခြင်း ကဏ္ဍပြီးဆုံးသွားပါတော့တယ်။

ရာသီသွေးမဆုံးခင် ၁ နှစ်ကျော်လောက်ကစပြီး အမျိုးသမီးတွေဟာ အနည်းနဲ့အများတော့ သွေးဆုံးကိုင်လက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။စိတ်တိုလွယ်ခြင်း၊ညအိပ်မပျော်ခြင်း၊ချွေးထွက်များခြင်း၊ရင်တုန်လွယ်ခြင်း၊ပူလိုက်အေးလိုက်ဖြစ်ခြင်း၊မိန်းမကိုယ်ခြောက်ခြင်း၊ အရိုးများနာကျင်ခြင်းတို့အပြင် တငိုငိုတရီရီဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ တချို့အမျိုးသမီးတွေဟာ သွေးဆုံးကိုင်လက္ခဏာတွေကို မခံစားလိုကြပါဘူး။

ကျွန်မတို့ဟာ သွေးမဆုံးအောင်နဲ့ သွေးဆုံးတာ နောက်ကျအောင်တော့ လုပ်လို့မရပေမယ့် သွေးဆုံးကိုင်လက္ခဏာတွေ မဖြစ်အောင် ကုသလို့ရသလို မိမိကိုယ်တိုင်လည်း လိုက်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ကုသတဲ့နည်းလမ်းကတော့ ဟော်မုန်းအစားထိုးခြင်းနည်းလမ်းဖြစ်ပြီး သားဖွားမီးယပ်ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ကာ လိုအပ်တဲ့အကြိမ်အရေအတွက်အတိုင်း ကုသလို့ရပါတယ်။

သွေးဆုံးကိုင်ခြင်းဝေဒနာများမခံစားရအောင် ကိူယ်တိုင်လိုက်လုပ်လို့ရတဲ့နည်းလမ်းတွေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းကတခုအပါအဝင်ပဲဖြစ်ပါတယ်။ဖြေးဖြေးချင်းလမ်းလျှောက်တာ၊အကြောလျှော့တာ၊ယောဂဆော့တာကစလို့ ကိုယ်စိတ်ပါရာ ဘယ်လေ့ကျင့်ခန်းကိုမဆို အလေ့အကျင့်တခုဖြစ်တဲ့အထိ စွဲမြဲနေအောင် ဆော့ဖို့လိုအပ်ပါတယ်။ဒုတိယနည်းလမ်းကတော့ တရားထိုင်ခြင်း ဖြစ်ပါတယ်။ဘယ်ဘာသာဝင်မဆို လေရှူလေထုတ်လုပ်ခြင်းဖြင့် မိမိစိတ်ကလေးတည်ငြိမ်နေအောင် ပြုလုပ်လို့ရပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ ဆေးလိပ်၊အရက်နဲ့ calorie များတဲ့ အစားအစာတွေကိုရှောင်ရှားပြီး အသီးအနှံ၊ဒိန်ချဉ်နဲ့ သဘာဝသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ဒါမှသာ သင့်တင့်မျှတတဲ့ လူနေမှုဘဝကို ရရှိပြီး သွေးဆုံးကိုင်ဝေဒနာတွေကို အလွယ်တကူကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

သားဖွားမီးယပ်ဆရာဝန်နှင့်ပြသရန် - https://mymedicine.com.mm/r/OG


ရာသီသွေးအနံ့ဆိုးခြင်း