နှလုံးသွေးကြောကျဉ်းရောဂါဆိုသည်မှာ ခန္ဓာကိုယ်ရှိသွေးကြောထဲတွင် အဆီများ တဖြည်းဖြည်းစုပုံလာပြီး နှလုံးသွေးကြောနံရံများထူလာကာ သွေးစီးဆင်းမှုကို ဟန့်တားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ဒါ့အပြင် နှလုံးကို သွေးပို့ဆောင်ပေးတဲ့ သွေးကြောတလျှောက်မှာ အဆီခဲတွေစုပုံလာပြီး သွေးကြောနံရံတွေ မာကြောလာတာကိုလည်း တွေ့ရတတ်ပါတယ်။
ဆေးလိပ်၊အရက်သောက်တာများတဲ့သူတွေ၊အဝလွန်တဲ့သူတွေ၊သွေးတိုးရောဂါရှိသူတွေနဲ့ အသက် ၅၀ကျော် အမျိုးသားတွေမှာ အဖြစ်များပြီး စောစောစီးစီးရာသီသွေးဆုံးတဲ့အမျိုးသမီးတွေမှာလည်း အဖြစ်များပါတယ်။မိသားစုထဲမှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ဖူးရင်လည်း ဖြစ်နိုင်ချေများပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါရှိပြီဆိုရင် အသက်ရှူမဝတာက စပြီး သတိထားမိလေ့ရှိပါတယ်။နှလုံးကို သွေးအလုံအလောက်မရောက်တဲ့အခါ oxygen ဓာတ်နည်းပြီး အသက်ရှူရခက်သလို ရင်ဘတ်ထဲမှာလည်း ဆွဲဆုပ်ထားသလို နာကျင်လေ့ရှိပါတယ်။ဒီနာကျင်မှုဟာ တခါတလေ လက်မောင်း၊ လည်ပင်း၊ မေးရိုး၊ ကျောဘက် သို့မဟုတ် ဝမ်းဗိုက်အထိ ပျံ့နှံ့နိုင်ပါတယ်။
သတိမပြုမိတဲ့လက္ခဏာတခုကတော့ ဝမ်းဗိုက်ထဲမှာအောင့်ခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင် အစာအိမ်ရောဂါဖြစ်နေတာလားလို့ ထင်တတ်ကြပေမယ့် တကယ်တမ်းတော့ နှလုံးရဲ့အောက်ဖက်ပိုင်းသွေးကြောများကျဉ်းခြင်းကြောင့် ဖြစ်ပေါ်လာမျိုးဖြစ်ပါတယ်။ဒါ့အပြင် ချွေးစေးပြန်တာ၊ ပျို့အန်တာ၊ မူးဝေတာ စတဲ့ လက္ခဏာတွေ ပါ ခံစားရနိုင်ပါတယ်။အခန့်မသင့်လို့သွေးကြောကျဉ်းရာကနေ လုံးဝပိတ်သွားတဲ့အခါမှာတော့ နှလုံးကြွက်သားပုပ်တာမျိုး(နှလုံးကြွက်သားဆီသွေးမရောက်ခြင်း)ဖြစ်နိုင်ပြီး နှလုံးခုန်တာရပ်ခြင်းပါဖြစ်နိုင်ပါတယ်။
ဒီလိုမျိုး အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့နှလုံးသွေးကြောကျဉ်းရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။သွေးတွင်းအဆီများရာမှ တဆင့်ဖြစ်တဲ့ရောဂါဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးခြင်းနဲ့အဆီများတဲ့ အစားအစာတွေ၊ready made အစားအစာတွေ ကိုရှောင်ကြဉ်ဖို့ အဓိကကျပါတယ်။ဒါ့အပြင် အဝလွန်ခြင်းမဖြစ်ရလေအောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို တနေ့အနည်းဆုံးနာရီဝက်လောက်ပြုလုပ်ပေးသင့်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါအပါအဝင် နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေတာကြောင့် ဆေးလိပ်နဲ့အရက် အလွန်အကျွံသောက်သုံးခြင်းကို လျှော့ချသင့်ပါတယ်။
ဒါအပြင် စိတ်ဖိစီးမှုများခြင်းဟာလည်း နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတာကြောင့် journal ရေးခြင်း၊တရားထိုင်ခြင်း စတာတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။တကယ်လို့ နှလုံးသွေးကြောကျဉ်းရောဂါရှိနေပြီလို့ခံစားရရင်တော့ အချ်န်ဆွဲမနေဘဲ နီးစပ်ရာဆေးခန်းကိုအမြန်သွားရောက်ပြသပြီး ရောဂါရှာဖွေမှု ခံယူသင့်ပါတယ်နော်။