ကူးစက်မြန်တဲ့ခြေထောက်မှိုစွဲပွေးရောဂါ

ကူးစက်မြန်တဲ့ခြေထောက်မှိုစွဲပွေးရောဂါ


ပွေး၊ဝဲ၊ညှင်း၊ဒက်နဲ့ နှင်းခူဆိုတာ အရေပြားမှာဖြစ်တတ်တဲ့ယားနာရောဂါအမျိုးမျိုးဖြစ်ပါတယ်။ဒီထဲကမှ ပွေးဆိုတာ မှိုရောဂါတမျိုးဖြစ်ပြီး အနီစက်လေးတွေ စထွက်ရာကနေ နောက်ပိုင်း အမဲစက်အဖြစ်သို့ပြောင်းလဲသွားတဲ့ ရောဂါဖြစ်ပြီး မခံမရပ်နိုင်အောင် ယားတဲ့အတွက် တဗျင်းဗျင်းကုတ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။

ပွေးရောဂါဟာ ခေါင်းမှာဖြစ်ရင် tinea capitis လို့ခေါ်ပြီး ကလေးတွေမှာအဖြစ်များပါတယ်။ကိုယ်ပေါ်မှာဖြစ်တဲ့ပွေးကတော့ tinea corporis ဖြစ်ပြီး စက်ဝိုင်းပုံ အကွက်လေးတွေ အနေနဲ့ တွေ့ရပါတယ်။ရေနဲ့ထိတွေ့မှုများတဲ့သူတွေမှာဖြစ်တတ်တဲ့ tinea pedis ကိုတော့ အားကစားသမားခြေထောက်လို့ နာမည်အဆန်းပေးထားကြပါတယ်။ပွေးရောဂါဟာ ကူးစက်အရမ်းမြန်တဲ့အတွက် ရောဂါရှိတဲ့သူအသုံးပြုထားတဲ့ပစ္စည်းကို တခြားတယောက်ကသုံးမိရင်တောင် ကူးနိုင်ပါတယ်။ဒါ့အပြင် ခြေထောက်ကနေတဆင့်လည်း တခြားခန္ဓာကိုယ်နေရာတွေဆီကို ကူးစက်နိုင်ပါသေးတယ်။

ခြေထောက်မှိုစွဲပွေးရောဂါက အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပြီး လက္ခဏာတွေကတော့ ခြေချောင်းကြားနေရာတွေမှာယားခြင်း၊ပူခြင်း၊စူးခြင်း၊စပ်ဖျဉ်းဖျဉ်းခံစားရခြင်း၊ယားနာများပေါက်ခြင်း၊ခြေချောင်းကြားနေရာတွေနဲ့ခြေဖဝါးတွေမှာ ကြမ်းလာပြီး အနာလိုပေါက်ခြင်း၊အရေပြားများကွာကျခြင်း၊ပိုဖြစ်တတ်ပါတယ်။ဒါ့အပြင် ခြေသည်းအရောင်တဖြည်းဖြည်းပြောင်းလာခြင်း၊ကြွပ်ဆတ်လာခြင်း၊ပဲ့ခြင်းတို့ဖြစ်ပြီး နောက်ဆုံးမှာတော့ ခြေသည်းခွံကျွတ်ထွက်ခြင်းတွေကအစ ဖြစ်တတ်ပါတယ်။အများအားဖြင့် မသန့်ရှင်းသော ခြေအိတ်၊အားကစားဖိနပ်များမှတဆင့်ကူးစက်တတ်ပြီး အများသုံးရေချိုးခန်းကြမ်းပြင် လို ပူနွေးစွတ်စိုတဲ့နေရာတွေမှာတွေ့ရများတတ်ပါတယ်။

ရောဂါဖြစ်ပါက မှိုသတ်ဆေးများပါဝင်တဲ့ လိမ်းဆေး၊သောက်ဆေးနဲ့ပေါင်ဒါများကို အရေပြားဆရာဝန်များမှ ပေးလေ့ရှိပါတယ်။ဒါပေမယ့် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုကောင်းမွန်သည်ဟူသောအဆိုအရ ခြေထောက်မှိုစွဲရောဂါ မဖြစ်အောင် ခြေထောက်များရေစိုပြီးလျှင် ခြေချောင်းကြားတွေကအစ သေချာခြောက်အောင်သုတ်ပေးဖို့လိုပါတယ်။ခြေစွပ်၊ခြေအိတ်နဲ့ အားကစားဖိနပ်များကိုလည်း ချွေးစိုနေလျှင် သေချာလျှော်ဖွတ်အခြောက်ခံ လဲလှယ်ပြီးဝတ်ဖို့အရေးကြီးလှပါတယ်။အကယ်၍ခြေထောက်မှာ ယားနာတခုခုပေါ်လာပါကလည်း ပေါ့ဆမနေဘဲ နီးစပ်ရာဆရာဝန်နဲ့အမြန်ပြသပြီး သင့်တော်သောကုသမှုခံယူဖို့ မမေ့နဲ့နော်။

အရေပြားအထူးကုဆရာဝန်ကြီးများနှင့်ပြသရန် - https://mymedicine.com.mm/r/DermatoNov

နှင်းခူရောဂါဘာကြောင့်ဖြစ်