ကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့ Morning Sickness လေးတွေသက်သာစေဖို့

ချစ်သူ နှစ်ယောက်ပေါင်းဖက်ပြီး လက်ထပ်ကြပြီဆိုရင် သားသားမီးမီးလေးတွေနဲ့အတူ ချမ်းမြေ့တဲ့ဂေဟာလေးဖြစ်ဖို့ကလေးယူကြပါတော့တယ်။ဒီလို ကြိုးစားရာကနေ အိမ်သူသက်ထားလေးမှာကိုယ်ဝန်စရှိကြောင်းပြတဲ့လက္ခဏာတွေပေါ်လာရင်တော့ ရာသီမလာတော့တာအပြင် အနံ့မခံနိုင်တာ၊ပျို့ချင်အန်ချင်ပြီး ဘာမှမစားသောက်နိုင်တာတွေပါပါတယ်။ဒါကိုတော့ ကျွန်မတို့ ဆေးပညာအရ morning sickness လို့ အမည်ပြုကြပါတယ်။

ကိုယ်ဝန်ဆောင်စဥ် ဟော်မုန်းဓာတ် အပြောင်းအလဲများကြောင့် ဖြစ်တတ်တဲ့ Morning sickness ဟာ နံနက်ပိုင်းတွင်သာမက နေ့လည်၊ ညနေ နှင့် ည မည်သည့်အချိန်တွင်မဆို ဖြစ်နိုင်လေ့ရှိပါတယ်။ကိုယ်ဝန်     ၈ ပတ်မှာစတင်လေ့ရှိပြီး ကိုယ်ဝန်ပထမ ၃ လမှာအဖြစ်များဆုံး လက္ခဏာ တခုဖြစ်ပေမယ့် လရင့်လာတာနဲ့အမျှ ဒီလက္ခဏာဟာ ပျောက်ကင်းသွားတတ်ပါတယ်။အဓိကအားဖြင့်တော့ အမြွှာကိုယ်ဝန်လွယ်ထားရတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊စပျစ်သီးသန္ဓေဖြစ်နေသော ကိုယ်ဝန်ဆောင်များ၊သားဦးကိုယ်ဝန်များ၊မိန်းကလေးကိုယ်ဝန်လွယ်ထားရသူများ၊ယခင်ထဲက ပျို့အန်တဲ့အကြိမ်အရေအတွက်များသူများ၊ကားမူးလေယာဉ်မူးတတ်တဲ့သူများ၊သိုင်းရွိုက်ရောဂါရှိသူများ ၊ခေါင်းတခြမ်းကိုက် ရောဂါရှိသူများ၊အစာအိမ်နှင့်သည်းခြေရောဂါရှိသူများမှာ ပျို့အန်ခြင်း ကို ပိုပြီး ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း ဖြစ်စဉ်ဟာရှည်လျားကြာရှည်တဲ့ ၉ လတာကြာမယ့် ခရီးတခုဖြစ်ပါတယ်။ဒီကာလတလျှောက်လုံး မေမေလောင်းလေးက အမြဲပျို့ချင်၊အန်ချင်ဖြစ်ပြီး အစားမစားနိုင်နေရင်တော့ မိခင်ကျန်းမာရေးသာမက ဗိုက်ထဲမှာရှိတဲ့ရင်သွေးလေးရဲ့အာဟာရရှိမှုနဲ့ကြီးထွားနှုန်းကိုပါ စိတ်ပူလာရပါပြီ။ဒီလိုဖြစ်တာကို လျော့ကျစေဖို့ဆိုရင် မေမေအလောင်းအလျာလေးတွေဟာ အာဟာရပြည့်ဝအောင်စားသောက်ပြီး အိပ်ချိန်မှန်ဖို့ အရေးကြီးပါတယ်။အိပ်ချိန်မလုံလောက်ရင် ခေါင်းငြီးစီစီဖြစ်ပြီး အန်ချင်စိတ်ပိုများတတ်ပါတယ်။ပျို့ချင်အန်ချင်မှုကို ပိုဆိုးစေတဲ့ အနံ့တွေ၊အဆီတွေ၊အကင်တွေနဲ့ အသားစိမ်းတန်းနေရာတွေကိုရှောင်ကြဉ်ပါ။အသားစိမ်း၊ငါးစိမ်းအနံ့တွေအပြင် တခါတလေ ဆီပြန်ဟင်းအနံ့တွေကပါ ပိုဆိုးစေပါတယ်။

အကယ်၍ အန်ချင်စိတ်ပေါ်လာပြီဆိုရင်တော့ အဖတ်မပါတဲ့သစ်သီးဖျော်ရည်နဲ့ ဂျင်းပြုတ်ရည်တွေကို နည်းနည်းစီ ငုံပြီး သောက်ပေးသင့်ပါတယ်။မနက်စာအများကြီးစားခြင်းကလည်း morning sickness ကိုပိုဆိုးစေလို့ ရှေ့ရက်တွေထဲက အန်ချင်သလို ပျို့ချင်သလို လက္ခဏာစနေပြီဆိုရင် မနက်ပိုင်းကို ပေါင်မုန့်(သို့မဟုတ်)ဘီစကစ်နည်းနည်းနဲ့ ပူစီနံနည်းနည်းရောထားတဲ့သစ်သီးဖျော်ရည်သာသုံးဆောင်ပေးသင့်ပါတယ်။ကော်ဖီ၊လက်ဖက်ရည်၊ဂက်စ်ပါတဲ့အအေးနဲ့ အားဖြည့်အချိုရည်တွေကလည်း ပိုဆိုးစေတတ်လို့ လက်ဖက်စိမ်းနဲ့လုပ်ထားတဲ့ရေနွေးကြမ်းလေးကလည်း အန်ချင်စိတ်ကိုသက်သာစေမှာ အသေအချာပါပဲ။

ဒါတွေနဲ့မှ မသက်သာရင်တော့ အအန်ပျောက်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သောက်ရမှာပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ တရက်လုံး ဘာမှမစား၊မသောက်နိုင်အောင် အန်နေရင်၊ဆီးမသွားတော့ရင်၊နုံးပြီး အိပ်ရာထဲမှာပဲ တနေကုန်ခွေနေရင်၊ဗိုက်အောင့်လာရင်၊အန်ရင်းနဲ့ သွေးပါပါလာရင်နဲ့ ကိုယ်ဝန်လရင့်တဲ့အထိ နေ့တိုင်းမူးဝေပြီးအန်နေရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ပြသပြီး အထူးကုသမှုခံယူရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် သားဖွားမီးယပ်ဆရာဝန်ကြီးများနဲ့ဆွေးနွေးပြသမှုတိုင်းအတွက် ကျွန်မတို့ My-Medicine မှာ December လကုန်ထိ 20% သက်သာခွင့်လဲရှိသေးတာမို့bookingလေးယူလိုက်ရုံပဲနော်။

သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့်ပြသရန် - https://mymedicine.com.mm/r/OGDecember

ကိုယ်ဝန်ဆောင်နှင့်ကလေးတိုးခြင်း